လိုင်ယွန် အသင်းကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးခဲ့တဲ့ ပီအက်ဂျီအသင်း

Ma Nyein
3 ပတ် ခန့်က
Sport Articles
လိုင်ယွန် အသင်းကို  တစ်ထောင့်တစ်နေရာကနေ ကူညီပေးခဲ့တဲ့ ပီအက်ဂျီအသင်း

ဘဏ္ဍာ​ရေးစည်းမျဉ်းနဲ့ မညီမျှမှု​ကြောင့် ပြင်သစ်အမှတ်​ပေးဖလား (၇)ကြိမ်ချန်ပီယံလိုင်ယွန် အသင်းက လီဂူး-၂ ထံ တန်းဆင်းပြစ်ဒဏ်ချမှတ်ခံထားရတာ အားလုံးသိပြီးသားဖြစ်မှာပါ ။ ပြင်သစ်ကလပ်တွေရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို စိစစ်အကဲဖြတ်တဲ့အဖွဲ့ DNCG ကနေ လိုင်ယွန်ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ လုံလုံလောက်လောက် မတိုးတက်ခဲ့ဘူးလို့ ဆုံးဖြတ်ပြီး ခုလို တန်းဆင်းဖို့ ပြစ်ဒဏ်ချခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ချက်ချင်းကြီး တန်းဆင်းသွားရမှာမဟုတ်သေးပါဘူး ။အယူခံကာလအတွင်းမှာ အယူခံဝင်လို့ရပါသေးတယ်။ အယူခံဝင်တာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ လိုင်ယွန် အသင်းအနေနဲ့ တန်းဆင်းပြစ်ဒဏ်ချမှတ်မခံရတော့ပါဘူး ။


အယူခံအောင်ဖို့ဆိုတာကလည်း လက်ရှိ လိုင်ယွန် အသင်းမှာ အကြွေးတင်နေတဲ့ ယူရို ၁၇၅ သန်းထဲက သန်း ၁၀၀ ဝန်းကျင်လောက်ကို ဆပ်ပြီးသားဖြစ်နေဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ လိုင်ယွန်အသင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးပြဿနာ တည်ငြိမ်ဖို့ အသင်းမှာရှိတဲ့ ကစားသမားတချို့ကို ရောင်းချခဲ့ပေမယ့် အဆင်မပြေနိုင်သေးပါဘူး။ ဒီလို အယူခံဝင်တာ အနည်းငယ်အဆင်ပြေဖို့အတွက် ပြိုင်ဘက်ပီအက်ဂျီ အသင်းအနေနဲ့ တစ်ထောင့်တစ်နေရာကနေ ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်လောက်က ပီအက်ဂျီ အသင်းက လိုင်ယွန် အသင်းမှာ တောက်ပပြနေတဲ့ လူငယ်ကစားသမားလေး ဘာကိုလာ ကို ယူရို ၄၅.၅ သန်းနဲ့ ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။ ပီအက်ဂျီအသင်းက Financial Fair Play Rules(FFP)လို ဘဏ္ဍာရေးမျှချေထိန်းသိမ်းမှုစည်းမျဥ်း နဲ့လိုက်လျောညီထွေမှု ဖြစ်စေရန်အတွက် ဘာကိုလာအတွက်ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို တစ်လုံးတစ်ခဲထဲ ပုံပေးရတာမျိုးမဟုတ်ပဲ တစ်နှစ်ကို ယူရို ၉.၁ သန်း နဲ့ ၅ နှစ်အရစ် ကျပေးချေရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်ဂျီ အသင်းက လိုင်ယွန် အသင်းအခု ရင်ဆိုင်နေရာတဲ့ ပြဿနာကို တစ်ဖက်တစ်လမ်းကနေ အနည်းငယ်သက်သာသွားစေအောင်လို့ ဘာကိုလာ အပြောင်းအရွှေ့မှာ ပေးချေဖို့ ကျန်နေတဲ့ ပြောင်းရွှေ့ကြေးအားလုံးကို တစ်ခါထဲပေးချေလိုက်ပြီပဲဖြစ်ပါတယ်။


တနည်းအားဖြင့် ပက်အက်ဂျီ အသင်းအနေနဲ့ ဘဏ္ဍာရေးပြဿနာကြုံနေပြီး တန်းပါဆင်းရမယ့် လိုင်ယွန်ကို တတ်နိုင်သလောက် ကူညီပေးလိုက်တာပါ။ ပီအက်ဂျီ အသင်းရဲ့ အခုလို လုပ်ရပ်ကြောင့် အယူခံဝင်ထားပြီး တန်းမဆင်းရဖို့ ကြိုးစားနေတဲ့ လိုင်ယွန်အတွက်တော့ ပြဿနာအားလုံး ပြေလည်သွားတာမျိုး မဟုတ်ပေမယ့် နည်းနည်းပဲဖြစ်ဖြစ် အထောက်အကူဖြစ်ခဲ့မှာတော့ သေချာပါတယ်။ ဒီလို တစ်ဖက်တစ်လမ်းကနေ ဝင်ရောက်ကူညီပေးခဲ့တဲ့ ပီအက်ဂျီ အသင်းကိုလည်း ကျေးဇူးတင်ရမှာပဲဖြစ်ပါတယ်။လိုင်ယွန် အသင်းအနေနဲ့လည်း အယူခံအောင်မြင်ပြီး ဥရောပ ရပ်ဝန်းမှာ ဆက်လက်တောက်ပနိုင်ပါစေလို့ ဆုတောင်ပေးရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#lyon

#psg

#champions

#dncg

#football

Leave a reply